International News

အိန္ဒိယ-ယူအေအီးနှစ်နိုင်ငံငွေကြေးဖြင့်ကုန်သွယ်ရန်သဘောတူညီချက်ကြောင့် အိန္ဒိယဘာစမာတီဆန် တင်ပို့ရောင်းချမှု တိုးမြှင့်လာဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံနှင့်ယူအေအီးတို့၏ နှစ်နိုင်ငံငွေကြေးဖြင့် ကုန်သွယ်မှုပြုရန် သဘောတူညီချက်ကြောင့် အိန္ဒိယဘာစမာတီဆန်တင်ပို့ရောင်းချသူ များအကျိုးအမြတ်ပုံမှန်ပြန်လည်ရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်ချက်ကြောင့် ဒူဘိုင်းမှတစ်ဆင့် အီရန်နိုင်ငံသို့ ဆန်များ ပိုမိုတိုးမြှင့်ရောင်းချသွားနိုင်မည်ဖြစ်ကာ တစ်ဖက်တွင် ငွေကြေးဆုံးရှုံးမှုထိခိုက်နိုင်ခြေကို လျှော့ချသွားနိုင်တော့မည်ဟုဆိုသည်။ အီရန်နိုင်ငံသည် အိန္ဒိယဘာစမာတီဆန်ကို အဓိကတင်ပို့ရောင်းချသည့် နိုင်ငံငါးခုအနက်တစ်ခုဖြစ်သည်။

အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်တင်ပို့ရောင်းချမှုသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်က ၃ ဒဿမ ၉၄ မက်ထရစ်တန်ရှိရာမှ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၄ ဒဿမ ၅၆ မက်ထရစ်တန်သို့ တိုးမြှင့်ရောင်းချခဲ့ရပြီး၊ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇၉ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ ဆန် ၁ တန်၏ ပျှမ်းမျှဈေးနှုန်းမှာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၈၉၇ ဒေါ်လာရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ၁၀၅၀ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။ ထို့အပြင် ယူကရိန်း-ရုရှားပဋိပက္ခကြောင့် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားခဲ့သော မသေချာမှုများကြောင့်လည်းကောင်း၊ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအပေါ် တစ်စိတ်တစ်ပိုင်းကန့်သတ်မှု၊ ဆန်ကွဲတင်ပို့မှုပိတ်ပင်ခဲ့မှုနှင့် ပေါင်းဆန်မဟုတ်သောဆန်များအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းကောက်ခံခဲ့မှုတို့ကြောင့်လည်းကောင်း ဘာစမာတီဆန်ဈေးနှုန်းအပေါ် လွှမ်းမိုးမှုအချို့ရှိခဲ့သည်။

အီရန်နိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်မှုများ သေချာပေါက်တိုးတက်လာမည်ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်တင်ပို့ရောင်းချသူများအသင်း(All India Rice Exporters Association၊ AIREA)၏ ဥက္ကဌဟောင်း Vijay Setia က လတ်တလော နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အပေါ် ရည်ညွှန်းပြောကြားခဲ့သည်။ ယူအေအီးအထိုင် အီရန်စီးပွားရေးသမားများသည် ဘာတာစနစ်ကို နှစ်သက်ကြကြောင်း၊ ရူပီးငွေနှင့် ကုန်သွယ်ရန်ဆောင်ရွက်နေသည့်ကြားက ပေးချေမှုများ၌ ပြဿနာများရင်ဆိုင်နေရကြောင်းနှင့် ယခုသဘောတူညီချက်အသစ်ကြောင့် ဘာစမာတီဆန်ကို ဒူဘိုင်းမှတစ်ဆင့် အီရန်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချမှု တိုးမြင့်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယဗဟိုဘဏ်နှင့် ယူအေအီးဗဟိုဘဏ်တို့အကြား သဘောတူညီချက်အရ နိုင်ငံဖြတ်ကျော် အပေးအယူကိစ္စရပ်များ၌ နှစ်နိုင်ငံသုံးငွေကြေးဖြစ်သော ရူပီနှင့်ဒါဟမ်ကို အသုံးပြုမှုမြှင့်တင်သွားရန် မူဘောင်တစ်ရပ်ကို ချမှတ်ခဲ့သည်။ တစ်ဖန် နှစ်နိုင်ငံပေးချေမှုနှင့် သတင်းပို့စနစ်များအကြား အပြန်အလှန်ချိတ်ဆောင်ရွက်သွားရန် ဗဟိုဘဏ်နှစ်ခုအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြသည်။

အမေရိကန်ဒေါ်လာမှာ တန်ဖိုးအတက်အကျရှိသည့်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် အရှုံးအမြတ်ကို နေ့စဉ်ရင်ဆိုင်ကြရကြောင်း၊ ယခု ကဲ့သို့ ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုခြင်းကြောင့် အဆိုပါပြဿနာကို ကျော်လွှားနိုင်သည့်အတွက် ဘာစမာတီဆန်တင်ပို့ရောင်းချမှုအတွက် အလွန်အရေးကြီးသည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း AIREA ၏ အမှုဆောင်ဒါရိုက်တာ Vinod Kaul က ပြောကြားခဲ့သည်။

အပေးအယူကိစ္စများပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း၊ သို့သော် သဘောတူညီချက်ကို မကြာသေးမီကမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည့် အတွက် ရှင်းရှင်းလင်းသိမြင်နိုင်ရန် လွန်စွာစောသေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဘဏ်တစ်ခုတည်းကို ဆောင်ရွက်ခိုင်းမည်လော သို့မဟုတ် တစ်ခုထက်ပိုမိုသော ဘဏ်များကို ခွင့်ပြုသွားမည်လော ဆုံးဖြတ်ရန်၊ နှစ်နိုင်ငံသုံးငွေကြေးစာရင်းများ ဖွင့်လှစ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုစနစ်တစ်ရပ်ထူထောင်ရန်စသည့် အဆင့်များစွာကျန်ရှိနေသေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် အီရန်နိုင်ငံမှ ကုန်ဖိုးငွေဆုံးရှုံးခြင်းကဲ့သို့ ထိခိုက်နိုင်ခြေကို လျှော့ချသွားနိုင်မှာဖြစ်သည့်အတွက် ပို့ကုန်များကို မြန်မြန်ဆန်ဆန်တင်ပို့နိုင်ခြင်းနှင့် အီရန်နိုင်ငံသို့ ပိုမိုတိုးမြှင့်ရောင်းချမှုများ အစဉ်အမြဲဖြစ်ပေါ်လာဖွယ်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ယူအေအီးသို့ ဘာစမာတီဆန်တင်ပို့ရောင်းချမှုမှာ တန်ချိန်သုံးသိန်းတစ်သောင်းငါးထောင်ကျော်(၃၁၅၃၁၃ မက်တရစ်တန်)ရှိပြီး၊ အီရန်နိုင်ငံသို့ ၎င်းဆန်တင်ပို့ရောင်းချမှုမှာ တန်ချိန် ကိုးသိန်းကိုးသောင်းရှစ်ထောင်ကျော် (၉၉၈၈၇၉ မက်ထရစ်တန်) ရှိကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ယူအေအီးအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာမနီ၊ ဗြိတိန်၊ စင်ကာပူ၊ မြန်မာစသည့်နိုင်ငံပေါင်း ၁၈ နိုင်ငံမှဘဏ်များကို အိန္ဒိယနိုင်ငံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မကြာသေးမီက ရူပီးငွေ အသုံးပြု၍စတင်ကုန်သွယ်မှုပြုခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း သဘောတူညီမှုများရရှိရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရုရှားနိုင်ငံအနေဖြင့်လည်း အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကို ကျော်လွှားနိုင်ရန် အိန္ဒိယနှင့် နှစ်နိုင်ငံငွေကြေးဖြင့်ကုန်သွယ်မှုအပေါ် စိတ်ဝင်စားဟန်ပြလျက်ရှိပါသည်။ သို့သော် အမေရိကန်ဒေါ်လာသည် နိုင်ငံအများစု၏ နိုင်ငံခြားငွေရန်ပုံငွေဖြစ်နေဆဲဖြစ်ပြီး၊ ကမ္ဘာ့ငွေကြေးစနစ်တွင် ၎င်းအား အစားထိုးနိုင်ရန် အချိန်နှင့်စိုက်အားများစွာ လိုအပ်ဦးမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း

The Hindu Businessline၊ “Basmati rice export to get a boost from India-UAE currency trade”၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး‌၊ ကော်လ်ကတ္တားမြို့)

Category: International News